ငါ့မနက်မှာ မနက်ဖြန်တွေဖြန့်ခင်း
ပန်းခင်းတွေနဲ့ လမ်းတွေခင်း
ရနံ့ပြင်းပြင်း ရူရှိုက်ဖို့အတွက်
ရင်ကိုရင်း
ခပ်တင်းတင်း လောကဓံနဲ့
တူတူစီးဆင်း
ဝပ်ဆင်းတဲ့နှလုံးသားမှာ
အကြင်နာတရားပြည့်နေလို့လေ။
ရှိုက်သံတချို့ရဲ့ ပဲ့တင်သံမှာတော့
အကွဲအကြေ အစအန
ညတွေရဲ့ ၀မ်းနည်းအစတွေ
ရောစပ်ထားလေရဲ့။
အားမာန်နဲ့ အမှားအမှန်ခွဲ
ကောင်းကင်ထဲ ၀ဲပျံရမယ်
အနာဂတ်စစ်စစ်တွေအတွက်
ပစ္စုပ်ပန်ကိုလဲ ချစ်ရမယ်
ဝေဟင်ကိုမျှော်
ရေပြင်ကိုလဲလှော်
မြေပြင်ကိုလဲ ပျော်တတ်ရမယ်
အပြောသန်တဲ့လောကဓံကို
ကျောခံလို့ ထုဆစ်
အရူးဖြစ်တယ် ဆိုဆို
မူးရစ်တယ်ပြောပြော
အနှစ်တစ်ခုအတွက်
အပြစ်တစ်ခုလဲ လုပ်ရင်လုပ်ရမယ်
ခြေဖ၀ါးအောက်က ခြေရာ
မနေမနားဖွေရှာ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
အနာဂတ်အတွက်
ကမ္ဘာပတ်ချင်ပတ်ရမယ်
ကဗျာစပ်ချင်စပ်ရမယ်
ကျရာလုပ် ကြုံရာစား
မှားတာထုတ် မှန်တာထား
ရတာလုပ် လုံရာနား
ကျေကျေနပ်နပ် သေသေသပ်သပ်
တပ်ကူမရတဲ့ ဘ၀မှာ
ထပ်တူကျတဲ့ ဆန္ဒနဲ့ ပေါင်းစပ်
မနက်ဖြန်ပြည့်တဲ့ နံနက်ခင်းစစ်စစ်တွေမှာ
ပျော်ရွှင် ကြည်ပြုံး
ခရီးအဆုံးထိ လျှောက်လှမ်းမယ်
ငါ
ခရီးအဆုံးထိရောက်အောင်လျှောက်မယ်။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment