ချစ်တယ်ဆိုတဲ့ စကား
နှုတ်ဖြားကထွက်ကျဖို့
တံတိုင်းကြီးတစ်ခုကိုကျော်ခဲ့ရတယ်
ဒါပေမယ့် ပုံပြင်ရယ်
မမုန်းရဲဘူးရဲ့နောက်က
မသုံးစွဲဘူးတဲ့အပြုအမူတွေ
နှလုံးကွဲမဲ့ အပြုအမူတွေ
မသဲမကွဲငါ့ဘ၀ပေါ်
သဲသဲမဲမဲရွာချတယ်
ညှို့အားကောင်းကောင်း
ညှို့အားပြင်းပြင်း
ပစ်ခွင်းတဲ့မြှားတစ်စင်းကြောင့်
ငါရေးတဲ့ ကဗျာ
ငါတွေးတဲ့ ကမ္ဘာမှာတောင်
ဆူးနစ် စွဲထင် နစ်မြုတ်
တလှုပ်လှုပ်နဲ့
မူးရစ်စေခံ့တယ်
အလွမ်းဓာတ်များတဲ့ ဒေသမှာ
အစိမ်းစိမ်းရင့်ရင့်မိုးစက်
ရွာသွန်းချက်တွေကြောင့်
သွားဘူးတဲ့နေရာ
နားဘူးတဲ့ ကမ္ဘာလေးတွေက
ငါဘယ်ရင်မှာ
ထွန်ယက်
စိုက်ပျိုး
အိမ်မက်ဆိုးတွေ ထူလို့ ထပ်လို့
သက်သက်သာသာ ထွက်ခွာလို့
သိသိသာသာ လွမ်းဖြစ်တယ်
စနစ်တကျ စနက်ဖြုတ်လို့
ကွဲရှ ...ပျက်စီး....ယိုကျ
ငါပင်လယ်မှာ အလွမ်းဒဏ်သင့်တယ်
နှစ်ပတ်လည် နေ့ရောက်ဖို့
ခြေတပ်ထားတဲ့ နေ့ရက်တွေကို
ချုပ်ကိုင် မောင်းနှင်
ကမ္ဘာတစ်ချမ်းက လမင်းကို ဆုတ်ကိုင်
ကမ္ဘာတစ်ချမ်းက နေမင်းကို ထိန်းချုပ်
ဘယ်အရာမဆို ငါငြင်းဘူးလို့လဲ
ငါအနာဂတ်တွေအရောင်ပြယ်သွားတာတောင်
မင်းပစ္စုပ္ပန်ကို လင်းလက်စေခဲ့တယ် လေ
ပုံပြင်လေးရေ
ရက်စက်တဲ့ ရက်စွဲတွေတပ်ထားတဲ့ ပုံပြင်လေး
ငါအပြန်အလှန် ဖတ်ရင်း
ပုံပြင်ထဲက ပုံပြင်မလေးကို
တမ်းမိတမိ သူတစ်ယောက်
သတိရမှုတွေကို ဆန့်ထုတ်လို့
အလွမ်းတေးတစ်ပုဒ်ညီးကာ
ရက်စက်သူရဲ့ ရက်စွဲလေးနဲ့
တွေးတွေးပြီးဆွေးနေပါတော့မယ်။