ခမ်းခမ်းနားနား သိုဝှက်ခဲ့တဲ့
မှန်မှန်ကန်ကန် လိမ်ညာမှုတွေ
တိတိကျကျ လွဲချော်မှုတွေ
စနစ်တကျ ပြိုလဲမှုတွေ
အဆိပ်သင့် အနမ်းတစ်စုံမှာ
အမြတ်နိုးဆုံး အမှတ်တရ ဖြစ်တယ်။
ကျော်ဖတ်လို့မရတဲ့ စာမျက်နှာမှာ
အလွမ်းသင့် မျက်ခင်းပြင်ရယ်
အပြာရောင် ဆည်းဆာတွေရယ်
ခရေပင်အောက်က စပါယ်ပန်းတွေရယ်
လတ်လတ်ဆတ်ဆတ် ခြောက်သွေ့နေလေရဲ့။
အခန်းဒေါင့်က အတွေး
ရင့်တဒေါင့်က အဆွေး
ရောရောထွေးထွေး မွေးဖွားလာတာ
အရောင်စွန်းတဲ့ မျက်ရည်တွေလေ။
ပျံလို့ လာခဲ့
လာလို့ ပြန်ခဲ့ တာများတော့
ဗလာတောအုပ် ရင်ခွင်က
နှလုံးသားတံခါးတွေ ပိတ်ဖို့မေ့တယ် ။
အရိုးစွဲ အရင်းခံ ရိုးသားလွန်းလို့
လိမ်ညာ ဟန်ဆောင် ရှောင်တိန်း
သူပိုင်တာ မာယာတွေပဲတဲ့လေ။
နောက်တစ်ခါ နမ်းရှိုက်ဖို့
လှမ်းလိုက်ရင် လွမ်းမိုက်ကိုကြောက်နေပြီ
နွမ်းခိုက်မှာ အဆိပ်မသင့်ချင်တော့ဘူး။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment