ပုံဆိုး ပန်းဆိုး
စရိုက်တွေ စိုးမိုးလွန်းလို့
အတ္တဥခွံတွေကို
တစစီခွါကြည့်တယ်
ပါရမီ နဲ့ ဘာမထီမို့
လက်မကိုထောင်ကြည့်တယ်
ယိုင်နဲ့တဲ့အတွေးကြောင့်
ခပ်ကွေးကွေးပဲနေရပါတယ်
ပစ္စလက္ခတ် ပစ္စုပ္ပန်မှာ
အနာဂါတ်တွေ ပျိုးကြည့်တယ်
အတိတ်တွေကတော့ အလေ့ကျပဲ
သီးလို့ ပွင့်လို့
ဖူးလို့ ဝေလို့
အဆိပ်ရောတဲ့ အတိတ်တွေလေ
နေနေကျကို ရေမြေသဘာဝက
ခြောက်သွေ့လွန်းတယ်
အဆင်မပြေတိုင်း
လက်ညှိုးတွေ ငါ့အပေါ်ပုံပုံ ကျတယ်
လောကအကြောင်း
နားမလည်လိုက်တာများ
ဆွံ့လို့ အလို့
ထူလို့ ထိုင်းလို့
န ချင်ယောင်ဆောင်တာ မဟုတ်ဘူး
န ကို နနေတာ
အ ချင်ယောင်ဆောင်တာ မဟုတ်ဘူး
အ ကို အနေတာ
ညွှန်းလိုက်ကြစမ်းပါ
ပြလိုက်ကြစမ်းပါ
နည်းလမ်းတွေ
စည်းကမ်းတွေ
ထုတ်ဖေါ်ပြသစမ်းပါ
သမိုင်းဝင်ပန်းချီကားရဲ့
ဆေးတစ်စက် အဖြစ်
မှေးစက်ခွင့်ရချင်လို့ပါ
လက်ခုပ်သံတွေ ဖန်ဆင်းပေးကြပါ
ပီတိအဖူးအပွင့်တွေ ပန်ဆင်ချင်လို့ပါ
လက်တစ်ဆုတ်စာမရှိပေမယ့်
လက်ခုပ်သံတွေတော့ ကြားချင်မိတယ်
ကတိကို တိတိကျပေးပါတယ်
ဆွံ့အတာတွေ စွန့်လွှတ်ပြီး
စွမ်းအားဖြင့် စွန့်စားနေမှာပါ။
.....
စောနေသွေး
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment