နေ့တစ်ခု ညတစ်ခု
ပေါင်းဆုံမှုမရှိပေမယ့်
နေ့ညတစ်ဝက်
နိုးထခဲ့တဲ့ ဆည်းဆာကတော့
ရင်ကို ထိခဲ့သူရယ်ပါ
သတိရမှုတွေသူ့စီ
အုပ်စုဖွဲ့ ပျံသန်း လို့
စန်းချောင်းလေးထဲ
ငါ့မျက်ရည်တွေ မျှောလို့
ကြိတ်မှိတ် တိတ်ဆိတ် ခဲ့သူပါ ။
သူ့အကြည့် သူအထိတွေက
ဆုံမှတ်တွေလွဲချော် ကာရံမဲ့ခဲ့ရတယ်
ဟောဒီရင်ဘတ်ထဲ
အိမ်မက်ဟောင်းတွေ
သိုသိပ် ကွယ်ဝှက်ပေါင်းများလို့
ဆွေးမြေ့ ယိုယွင်း ပျက်စီး
သူကြောင့် ပေါ့
အတိတ်တွေ မဲ့
အရိပ်တွေမဲ့
အနာဂတ်တွေကင်းခဲ့ရသူ။
သူ့အပြုံးကို ပိုင်ဆိုင်ဖို့
စွမ်းအင်ပြည့် ခွန်အားတွေ
ငါမွေးဖွားခဲ့တာ ခဏခဏ
သူအတွက်ဆို
ဒူးထောက်ရဲတယ်
လက်မြောက်ရဲတယ်
တစ်သက်တစ်ကိုယ်မကပေါ့။
ချစ်ခြင်းရဲ့ ကိုယ်စားပြု
ပေးဆပ်မှု ဆိုတာ
ငါ့သွေးကြောက စီးဆင်းတာပါ
ဒါဟာ
ချစ်လွန်းသူရဲ့ ကြည့်မှန်လေးရယ်ပါလေ ။
(စွယ်တော်တစ်ခြမ်းသို့ပေးစာ)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment