ခဏခဏပြိုလဲတဲ့
သက္ကရာဇ်တွေကြားမှာ
မပြောင်းလဲတဲ့ခင်မင်မှု
မဟောင်းနွမ်းတဲ့ သံယောဇဉ်
ငါတို့ရင်ခွင်မှာ ချည်လို့ တုတ်လို့
ယိုင်နဲ့မသွားတဲ့
ခိုင်မြဲတဲ့ လက်တွေတွဲလို့
လေပြေနုလေးတွေခူးဆွတ်
လှပတဲ့ ကောင်းကင်ပေါ်
သံစဉ်ချိုတွေ ဟစ်ကျွေးကြမယ်။
သူငယ်ချင်းရေ
စွန့်ပစ်လို့မရတဲ့ အမှိုက်
ဆွဲထုတ်လို့မရတဲ့ စရိုက်
အမိုက်တွေကို အမှောင်မှာထည့်
မှန်မှန်ကန်ကန် ရုံးကန်ကြမယ်။
သူငယ်ချင်းရေ
အဆုံးသတ်မှာ ဆုံးဖြတ်မမှားကြေး
အရှုံးအမြတ်ဆိုတာတော့
ဘယ်လိုပဲဖြစ်ဖြစ် ငြင်းလို့မရဘူးလေ
ရင်ဆိုင် ယှဉ်ပြိုင်ဖို့က
တာဝန်တစ်ရပ်ပဲ
ခမ်ခမ်းနားနား သမိုင်းတစ်ရပ်
ဦးရစ်မှာ ထုဆစ်ကြမယ်လေ
တည်ဆောက် ခဲ့တဲ့ ဘဝ
အမြီး အမောက်မတည့်ခဲ့ရင်တောင်
လိုသလိုဖြစ်ဖို့
ဖြစ်သလိုလုပ်သွားမယ်လေ။
သူငယ်ချင်း
သက္ကရာဇ်တွေ
ဥတုရာသီတွေ
ဘာတွေဘယ်လိုပြောင်းပြောင်း
ငါတို့ အနာဂတ်တွေ
မျှော်လင့်ချက်ရနံ့တွေကတော့
ဘယ်လို ဘာလို့မှ
ပျက်ပြယ် ပြောင်းလဲ သွားမှာ မဟုတ်ဘူးလေ ။
အားမာန်တွေးမွေးရင်း အတောင်တစ်စုံဖြန့်ထုတ်ကြမယ်
သူငယ်ချင်း။
(နှစ်သစ်အားမာန် ကို နှစ်သစ် ကိုကြိုဆိုသောအားဖြင့်)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment