အပြုံးပန်တွေ မဝေနိုင်ခဲ့လို့
ငေးငိုင်ကာပဲ နေတော့မှာလား သူငယ်ချင်း
မျှော်လင့်စိတ်ကူး
ဒီတစ်ခါလည်း မထူးတော့ဘူး ဆိုပြီး
ရူးမိုက်စွာ ဆုံးဖြတ်
ဘ၀ကိုအဆုံးသတ်တော့မှာလား
စဉ်းစားပါ သူငယ်ချင်း
မညီမညာ ဘ၀လမ်းခရီးလောက်နဲ့
ဆူးကြောက်လို့ ဒူးထောက်ခဲ့သူတွေ
အောင်မြင်မှု သရဖူပန်း
ဘယ်သူတွေ ဆင်မြန်းနိုင်ခဲ့လို့လဲ
ဒီမှာ သူငယ်ချင်း
လဲရင်ပြန်ထ လွဲရင် ပြန်စ လို့
ပြန်ချမယ် အားမာန်မွေး
အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်
ကမ်းမမြင် လမ်းမမြင် ဒီရေပြင်မှာ
ဇနက လက်ပြစ်ကူးတော့
မေခလာက ရူးနေသလားတဲ့
နောက်ဆုံးတော့ ဇွဲရှိသူကို
မေခလာ ကယ်ရတာပဲ မဟုတ်လား
ဒီလိုပါပဲ
အခက်ခဲ မှန်သမျှ လက်တွဲကြံဆ
ဘ၀ဆိုတာ တိုက်ပွဲတစ်ခုမို့
တိုက်ရဲရင်တိုက် (တိုက်ကိုတိုက်)
အရှုံးကိုဂရုမဆိုက်နဲ့ပေါ့
အချိန်နဲ့ဖွဲ့စည်း ဘ၀ခရီးကြမ်းမှာ
ဒဏ်ရာ ဆိုတာရှိမှာပဲလေ
နောင်တလဲ မရနဲ့
ကံကြမ္မာကိုလဲ မတနဲ့
အရှုံးကို ပြန်သုံးသပ်လို့
အဆုံးဖြတ်လဲ မှန်ပါစေ
သူငယ်ချင်းရေ
ဘ၀ဆိုတာ တိုက်ပွဲ တစ်ခုမို့
တိုက်ရဲမှပဲ အောင်မှာပေါ့
............................
တိုက်ရဲမှပဲ နိုင်မှာပေါ့ သူငယ်ချင်း။
(သူငယ်ချင်းသို့ပေးစာ)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment