ကောက်ချက်ချလို့
အာရုံတွေ မလောက်မငှဖြစ်တယ်
အားနာခြင်း
ကြောက်ရွံ့ခြင်းတွေ
ပြက္ခဒိန်ပေါ် ဆွဲဆွဲတင်
သစ်ပင်တွေ အနှစ်ရမှ
ဟောဒီ
ပါးစပ်က ပန်းတွေပွင်ဖြစ်တယ်။
နောက်ကြောင်းမကြည့်တတ်တဲ့ငါ
ကောက်ကြောင်းတွေ ထိတဲ့ငါ
ဆိုးသွမ်းခြင်း
ရူးမိုက်ခြင်း
ဝတ်ရုံတွေ ရက်ခြုတ်ဝတ်ဆင်တယ် ။
ခါးခါးသီးသီး စကားစုတချို့
နားညီးအောင်ပြောကြတယ်
''ပေးဆပ်မှုက အချစ် ''တဲ့
ခဏခဏ ပြုတ်ထွက်မယ့်
နှလုံးသားတွေကို
ခင်မင်မှုသံယောဇဉ်က ချည်နှောင်တယ်
ဘ၀မှာ ခဏတာ
တဖ၀ါးစာ သူ့အရိပ် သူ့နိမိတ် ကို စိတ်မှာထားတယ်
အကြောင်း အကျိုး
အကောင်း အဆိုး ထဲက
ကောက်ကြောင်း တစ်ခုကို ကောက်ရလို့
ကောက်ကွေ့ လိမ်ညာ ရက်စက်
စိတ်တစ်ခုက စေခိုင်းရာမှာ
ကောက်ကောက်ပါခဲ့ဘူးတယ်။
အရှိနဲ့ အသိမှာ
ရွေးဖို့ ချယ်ဖို့ ဆိုတာ
ငါမှာ မရှိဘူး ငါ့မှာ မသိဘူး
ငါသိတဲ့အလှ
ငါ့မှာရှိတဲ့ ဘ၀နဲ့ တင့်တယ်စေမယ်
ငါ့မှာ ခမ်းနားတဲ့ ရင်ခွင်(တွေ)
ဆန်းပြားတဲ့ အချစ်တွေ ဆုဆောင်းထားတယ်
ပျံသန်းခဲ့ပါ
ပြေးထွက်ခဲ့ပါ
အရင်းနှီးများတဲ့ ရင်းနှီးမှုကြားက
အထပ်ထပ်ပေးဆပ်ရင်းဖြင့်
အားနာခြင်း
ကြောက်ရွံခြင်းတွေ
ပြက္ခဒိန်ပေါ် ဆွဲဆွဲတင်
သစ်ပင်တွေ အနှစ်ရမှ
ဟောဒီ
ပါးစပ်က ပန်းတွေပွင့်တယ်
မလောက်မငှ အာရုံတွေထဲက
ရင်ခုန်မိတဲ့ ကောက်ကြောင်းတစ်စုံ
အထားအသိုတတ်စွာ
သိုသိပ်မျိုချ
ဟောဒီ
ရင်မှာတော့ ပန်းတွေ ပွင့်ဆဲပါ ကောင်မလေးရယ်။
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment