۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

သူသိပါစေ

သူသိပါစေ
_______
အိပ်စက်ခါနီးတိုင်း
အိပ်မက်မှာ သူနဲ့ နီးစပ်ပါရစေ

နိုးထလာတိုင်းလဲ
နိုးတဝက်မှာသူနဲ့ ဆုံဆည်းပါရစေ

ခဏခဏတောင်းဆုများတော့ သူကျန်းမာရဲ့လားတောင်တွေးမိတယ်။
ခဏလေးဘဝမှာ
သူသာ ဘဝကိုပိုင်စိုးနေတယ်။

မိုးဆိုမိုးမို့ မိုးစက်တွေထိခိုက်သွားစိုးရိမ်တယ်
ဆောင်းဆိုဆောင်းမို့ နှင်းစက်လေးတွေ ထိမှန်မှာစိုးထိပ်တယ်
နွေဆိုနွေမို့ လေပြေလေးတွေဖြတ်တိုက်သွားမှာစိုးတယ်

တကယ်တော့သူရယ်
တစ်ဖက်သတ်နဲ့
တစ်ဖက်ကိုသပ်သပ်ရပ်ထားခဲ့တယ်ဆိုတာ
သိနှင့်နေခဲ့တယ်။
_____
စောနေသွေး
AUGUST 21-2017 10:36 PM

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဝရထား

ဘဝရထား
_________
စက္ကန့်တွေတစခြင်း
မီးနစ်တွေတသွယ်ခြင်း
နာရီတွေ တပွေခြင်း
ရက်တွေတသီခြင်း
လတွေ တမယ်ခြင်း
နှစ်တွေ တမြိုက်ခြင်း
တိုးလာတဲ့ ရာသီစက်တွေက သံယောဇဉ်ကိုဖြတ်လိုဖြတ်
သံယောဇဉ်ကို သတ်လ်ုသတ်
သံယောဇဉ်ကို အမြစ်တွယ်လိုတွယ်
ဒီလိုနဲ့ ဘဝဆိုတာလေးထဲ ခိုင်မြဲစရာလေးတွေ ပြန်ချည်တုတ်ရင်း
ခဏတာလေး မနီးမဝေးလေးမှာ သူနေနေတယ်။

ညသည် နေ့မဟုတ်တဲ့အကြောင်း
နေ့သည် ညမဟုတ်တဲ့အကြောင်း
လူကြီးမင်းများနားဆင်ပါ
ခုထွက်ရှိမည့် ရထားဟာ လူ့ပြည်ဘူတာမှ နတ်ပြည်ဘူတာသို့ဟု
မဆိုခဲ့ပါပဲ ရထားတစင်းလုံးလူပြည့်သွားတယ်
ဖုန်းဘေတထောင်ထည့်လို့ရမည့် တထောင်တန်ငွေစက္ကူလေး
မည်သူမှပြန်မကောက်တော့ပါ။
စိမ်းလမ်းစိုပြေတဲ့ ပတ်ဝန်ကျင်တခုအငွေ့အသက်မှာ
အမှတ်တရလက်မှတ်လေးနဲ့
ဘဝဟာပြီးပြည့်စုံကြောင်း
ကော်ဖီတွေသိပ်ခါးတဲ့အကြောင်းမှာ
ဘီယာတွေကပိုခါးကြောင်း
ညနေခင်းတခုခုကိုအပိုင်စားနဲ့
နံနက်ခင်းမှာ ဘီယာတွေတိုက်ဖြစ်သွားတဲ့အကြောင်း
ညခင်းအလှတရားဟာ မျက်မှန်မပါလဲလှဖြစ်တဲ့အကြောင်း
ကျွန်ုပ်တို့ စာအုပ်တွေဖတ် ဖြစ်နေကြောင်း
သစ်သားတံတားလေးပေါ်မှာ
မိတ်ဖြစ်ဆွေဖြစ် ရနံ့တွေသစ်ပေးခဲ့ခြင်းမှာ
မန္တလေးက သိပ်ချစ်ဖို့ကောင်းလာတယ်။
ပုဒ်ထီးပုဒ်မနဲ့ ဘဝက နာရီအသေတွေကြောင့်
အသက်ကပြန်မငယ်တတ်တာသိတယ်ဟုတ်
ကျွန်ုပ်တို့ ရင်ဘတ်ထဲမှာ
ကြေးစည်သံနဲ့ ခေါင်းလောင်းသံတပြိုင်တည်း
ထိုးခွင့်ပေးမထားပေမယ့်
ဘဝဟာ ခဏခဏသေတတ်နေတယ်
လူကြီးမင်းတို့လိုရာခရီးသို့ရောက်ပြီထင်ပါတယ်
ဤနေရာဤဒေသမှ အထူးကြိုဆိုပါတယ်
လူကြီးမင်းတို့လိုရာခရီးသို့ဆက်နိုင်ပါပြီတဲ့။

စောနေသွေး
JULY 28 2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသုဘကောင်

အသုဘကောင်
______________
၁။

ငါ့အတွက်ကြောင့်အမေဟာ
မျက်ရည်ကို သံယောဇဉ်နဲ့ ဆွဲထုတ်နေတယ်
ငါ့အတွက်ကြောင့် ဆွေမျိုးတွေဟာ
မျက်ရည်ကို ခင်မင်မှုနဲ့ဆွဲထုတ်နေတယ်
ငါ့အတွက်ကြောင့်သူငယ်ချင်းတွေဟာ
မျက်ရည်ကို အမှတ်တရတခုခုနဲ့ ဆွဲထုတ်နေကြတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
၂။
ဒီနေ့ အမေတို့အဖေတို့ မျက်ရည်နည်းနည်းစိုနေသေးတယ်
ဆွေမျိုးမိဿ ဟာတွေကတော့ သနပ်ခါးလေးတွေလူးထားကြတယ်
သူငယ်ချင်းတွေကတော့ သတိရလို့ဆိုပြီး
အမှတ်တရတနေရာမှာကဗျာတွေရွတ်ပေးနေကြတယ်။
ရက်သတ္တပတ်လောက်ပဲကြာသွားတဲ့အချိန်မှာ
အမေအဖေတို့ဟာ ကောင်းမှုတွေထပ်လုပ်နေကြတယ်
ချစ်လှစွာသော ငါ့အတွက်
ဘုရားမှာ နှင်းဆီတွေလှူပေးနေကြလား
ချစ်လှစွာသောငါ့အတွက်
ဘုရားပရဝုဏ်ထဲမှာ ဖြစ်ကြောင်းအစုံပြောနေကြနေမလား
အမျှဝေသံတွေကြားချင်ပါတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
၃။
အမေသည် နံနက်စောစောဆွမ်းတော်တင်ပြီး
ငါ့အတွက်အမျှပေးဝေနေလိမ့်မယ်ဆိုတဲ့အတွေးနဲ့
အမျှဝေသံတွေကြားချင်ပါတယ်
ငါ့အတွက်အမျှဝေသံတွေကို
ငါကိုယ်တိုင်ငါ့အတွက်
အားလုံးပေးတဲ့ညီမျှခြင်းကို သာဓုခေါ်ပါရစေ။
_________
စောနေသွေး
AUGUST 7 2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီ ဝတ်ရည်

နှင်းဆီ ဝတ်ရည်
__________
နှင်းဆီတွေငိုတဲ့ညက
မိုးမသဲ ခဲ့ပါဘူးကွယ်။

စပစ်ဝိုင်တွေသောက်ခဲ့တာ
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမဟုတ်ပါဘူးကွယ်။

သနပ်ခါးတွေခပ်ကျဲကျဲလေး
ပါးပေါ် ပုံချခဲ့တာဟာ
လွန်ခဲ့သောငါးနှစ်ခန့်ကထင်ပါရဲ့
အတိတ်ကအတိတ်ပေါ့နော်
တိတ်ဆိတ်သွားတဲ့ည
မှေးမှိန်သွားတဲ့အလင်းနဲ့
နံနက်ခင်းတွေဖန်ဆင်းဖို့
ရိုးသားခြင်းတွေ စားသုံးခဲ့ကြတယ်။

စံပယ်အော်သံထဲ သစ္စာတွေထည့်စိုက်ပျိုးခဲ့တာ
ပင်မသန် မပွင့်လန်းလေခြင်းက
တခန်းရပ်ပြဇာတ်ကို ဇာတ်နာစေသည်လား။

ခွဲခွါတာ အသဲနာလို့/မှ မဟုတ်တာ
ကွဲကွာနေခြင်းက အချိန်ကိုကု/စားသွားကြတယ်။

စောနေသွေး
june12-2017 11:44 pm

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS