အမေ
အမေနှိုးဆွလို့
သားနိုးထရတာပါအမေ
သားစရိုက် မှားအမှိုက်တွေကိုတော့
အမေ သင်ပြပေးလို့ မဟုတ်ဘူးနော် အမေ
တွေဝေငေးမောတွေထဲ
သားနစ်မျှောနေရင်
အမေ့နှုတ်က ထုပ်ပြတာလေ
''အေးရာအေးကြောင်းပေါ့ သားရယ်''တဲ့။
အမေ
နွေးထွေးတဲ့ မေတ္တာ
အေးမြတဲ့ ကရုဏာ
သန့်ရှင်းတဲ့ စေတနာ
အမေ့မှာ များပြားလွန်းပါတယ် အမေ
သားရဲ့ နှလုံးသွေးတွေထဲ
အစုန် အဆန် စီးမျှော
သားမနောမှာ သွမ်းလုပ်ထားတာ
အမေ့ပုံရိပ်တွေလေ
အမေ့ အေးရိပ် မှေးမှိတ်စဉ်က
နှလုံးအိမ်က စီးဆင်းကျတဲ့
အမေ့အပြုံးတွေ
သားဘယ်မေ့နိုင်ပါ့မလဲ အမေ။
အမေ
အမေက
ဆရာလိုသင်ပြ
သူငယ်ချင်းလိုဖေးမ
မောင်နှမလို ညီမျှ
ထားရှိတဲ့ စိတ်ဓာတ်
မှားမရှိတာတွေကို
သားမခံယူဝံပါဘူးအမေ
အမေ
ဒုက္ခလှလှသားတွေ့ရရင်
သတိတရ ရွတ်မိတာက
''အေးရာအေးကြောင်းပေါ့ သားရယ်''တဲ့။
အမေ
အမေပေးတဲ့ ကထာတွေ
အမေရေးတဲ့ ကဗျာတွေ
သားရင်ထဲမှာ ပြည့်လို့ စုံလို့လေ
ဒါပေမယ့် အမေ
သားရေးတဲ့ ရာဇ၀င်
သားတွေးတဲ့ ဘ၀ါဘ၀င်မှာ
အမေ့ ဂုဏ်ပုဒ်တွေ ထုတ်ပိုးခဲ့လို့
လမ်းတစ်လျှောက်
အမောမဖေါက်ခဲ့ဘူးအမေ
ကျေးဇူးပါ အမေ
သတိတရ ရွတ်မိပြန်ပြီ အမေ
''အေးရာအေးကြောင်းပေါ့ သားရယ်''တဲ့။
အမေ
ဘာကိုဘာနဲ့မှ
သားနှိုင်းမဆရဲဘူးအမေ
အမေ
အမေမရှိတော့ပေမယ့်
အမေ့ပုံရိပ် အမေ့ဂုဏ်လိပ်တွေက
ဝင်သက်ထွက်သက်
လစ်လတ်မှုမရှိဘူးအမေ
အမေ
အမေကလေ
သားဘ၀ရဲ့ အကွပ်
သားဘ၀ရဲ့ အထွဋ်ပါအမေ
အကွပ်မဲ့တဲ့ကြမ်းပြင်
ပရမ်းပတာ စွမ်းအင်မဲ့လို့
ညွှတ်ကျတဲ့ အကိုင်းကိုမှ
သားနားခိုမိတယ်အမေ
အမေကိုလွမ်းတိုင်း
အမေကို သတိရတိုင်း
ခလုတ်တစ်ခုထိမိတိုင်း
အမေ့ အနန္တမေတ္တာ
ဂုဏ်နန္တာကိုမှန်းဆလို့
သားရွတ်ဆိုမိပါတယ် အမေရယ်
''အေးရာအေးကြောင်းပေါ့ သားရယ်''တဲ့။
(အမေနေ့ကိုဂုဏ်ပြုသောအားဖြင့်)
0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:
Post a Comment