۩۞۩ စောနေသွေး ۩۞۩. Powered by Blogger.

တမလွန်မှညို ____သို့


တမလွန်မှညို ____သို့
_________________
၁ ။
လေညှင်းသော့သော့လေးထက်
ပျံဝဲသွားတဲ့ဆံနွယ်နက်နက်လေးပေါ်က
ကြွေကျသွားတဲ့ခရေပန်းလေးတွေ
ရင်ဘတ်ထဲ ပြန်လည်စိုက်ပျိုးထားပါတယ် ညို။

ဝတ်ရည်တွေခမ်းနေပါစေ
ပွင့်ဖတ်တွေ ခြောက်နေပါစေ
ချစ်ခြင်းမေတ္တာတွေနဲ့
ပါးပြင်ပေါ်မှာ မသေအောင်ပျိုးထားပါတယ် ညို။
၂။
ကိုယ့်ရင်ဘတ်ကို ခဏမေ့ပြီး
သူမပုံရိပ်ကိုခိုးခိုးနမ်းရတာလဲ
အတိတ်တခုလုံးကတက်တက်နင်းနေသလိုမျိုး
ကိုယ့်အိပ်မက်ကို ခဏမက်ပြီး
ရှက်ရွံ့ကြောက်မက်ဖွယ်တစုံတရာကြောင့်
နာတာရှည် ရောဂါဖြစ်နေတဲ့ကံကြမ္မာကို
လက်ညှိုးငေါက်ငေါက်ထိုးမိသလိုမျိုး
ညတွေတိုင်း
နေ့တွေတိုင်း
သတိရမှုတွေက
တိတိကျကိုယ်ပေါ်ဖိတ်ယိုကျနေတာ
တစိမ့်စိမ့်နာကျင်လျှက်ပါပဲ ညို။
၃ ။
သက္ကရာဇ်တွေပြိုကျ အချိန်ကာလတွေနဲ့ငိုချရင်း
နှင်းဆီ အဝါတွေ တစ်ခင်းလုံးထဲကတပွင့်
ပိတုန်းရောင်ထက် သေချာဆက်သခဲ့တာတွေအား
တိုင်းသိပြည်သိမဟုတ်ပေမယ့်
ငါ့ကိုယ်စောင့်နတ်ကိုတိုင်တည်ပြီးသိစေခဲ့ပါတယ်။
ဘယ်တွေရောက်လို့ ဘယ်မှာစား
နေစရာမရှားအောင် ဇရပ်အိုတွေပြင်ခဲ့ပေးတယ်
ဘာတွေလုပ်လို့ ဘယ်လိုပြု
တင့်တယ်ခမ်းနားစေဖို့အဝတ်အထည်တွေပေးကမ်းခဲ့ပါတယ်
ဘယ်သူတွေနဲ့ ဘယ်လိုနေ
အစားတွေစိုပြေစေဖို့ စတုဒိသာတခုခုလဲလုပ်ဖြစ်ပါတယ်
အဆင်ပြေစေ ကြားသိပါစေ
ညို ဟာ ညိုနေဆဲပါပဲ ညို။
၎ ။
လမိုက်အလွန်ညတွေမှာ
မျက်ခင်းစိမ်းနဲ့ကောင်းကင်ကြီးကြားမှာ
ကြယ်တွေကိုရေတွက်ရင်း အိပ်ပျော်သွားတတ်တာ။
ညကိုဖွဲ့တဲ့အက္ခရာ
လကိုဖွဲ့တဲ့အက္ခရာတွေကို
လေညှင်းသေးသေးလေးနဲ့သီပြီး
ညို လည်တိုင်လေးမှာ ဆွဲပေးခါမှ နိုးထလာတတ်တာ။
ညို ရယ်
ခပ်ညုညုလေး
တိုးတိုးလေး တကယ့်ကိုဖြေးညှင်းစွာလေး
ရင်ဘတ်ကိုဖြတ်လျောက်လာတဲ့ညို့အသံလေးက
ကမ္ဘာကြီးကို ပြန်ဆက်ပေးမယ့် ကြိုးတခုလိုပါပဲ ညို။
၅ ။
နံနက်ခင်းတခုပါလို့
နာရီလက်တံတွေက တကြော်ကြော်အော်နပေမယ့်
နိုးထဖို့နှမျောတွန့်တိုတတ်တဲ့သူမမျက်နှာလေးဟာ
ကလေးငယ်လေးတယောက်လိုလို
ပုံပြင်တွေထဲက မင်းသမီးလေးလိုလို
လိုအပ်ချက်တခုတလေမျှ ပါရမီပြည့်ခဲ့သူလေး
အနက်ရောင်ကို အညိုဖောက်ထားတဲ့ဆေးသားနဲ့
တည့်တည့်လေးကော့နေအောင်ဆွဲထားတဲ့
မျက်ခုံးလေးတွေ
ခပ်ညို့ညို့ မျက်တောင်လေးတွေကတချောင်းခြင်းစီ
ဖြောင့်ဆင်းသွယ်လျနေတဲ့ နှာတံလေးတွေ
နှင်းဆီပွင့်ဖတ်တွေ သုတ်လိမ်းထားသလို
ခပ်ဖျော့ဖျော့နှုတ်ခမ်းလေးတွေ
လေအဝှေ့မှာ ဆံသားလေတွေတိုက်ခတ်ခြင်းရလာဒ်
လေပြေလေးထဲက ရနံ့လှလှလေးတွေ
ပါရမီအပြည့် ဖြည့်လာတဲ့သူတယောက်လို
လှပခြင်းဆိုတာထက် ပိုလှတယ်
နှင်းဆီတွေ ဖြေးဖြေးခြင်းပွင့်လာပြီ
ရောင်နီတွေဖြေးဖြေးခြင်း နီးလာပြီ
ကျေးငှက်တွေဖြေးဖြေးခြင်း တေးဆိုလာပြီ
ညိုလဲဖြေးဖြေးခြင်း နိုးထလာပါ ညို။
ဖြေး
ဖြေး
လေး
နိုးထလာပါဦးလား ညို။

 စောနေသွေး
JUNE 25 -2017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 စာဖတ်သူ အမြင်လေးတွေရေးသားပါ:

Post a Comment